Local News

ပို့ကုန်အမယ်သစ်များ တင်ပို့ရေး၊ နိုင်ငံတကာ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ တင်ပို့နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Last Updated:

နေပြည်တော်၊ ဇန်နဝါရီ ၃၀

     မြန်မာနိုင်ငံမှ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးထွက်ကုန်များအား ပြည်ပသို့ တင်ပို့ရေး၊ နိုင်ငံတကာ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီစွာတင်ပို့နိုင်ရေးတို့ကို တွန်းအားပေးဆောင်ရွက်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို Physical/Virtual စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင် ၍ ကျင်းပပြုလုပ်ခဲ့သည်။

     ဆွေးနွေးပွဲ၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ ဈေးကွက်ဝင်သည့်ထုတ်ကုန်များအား ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးသည် အရေးကြီးကြောင်း၊ မိမိတို့ထုတ်ကုန်များကို ဝယ်ယူသည့်နိုင်ငံများက သတ်မှတ်ထားသည့် အရည် အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ထုတ်လုပ်တင်ပို့နိုင်ရေးကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာကုန်သွယ်ဖက်နိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ဈေးကွက်ဝေစု ပိုမိုရရှိရေးအတွက် အလားအလာရှိသည့် ပို့ကုန်ဈေးကွက်များ ရှာဖွေမြှင့်တင်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၊ စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များအနေဖြင့် ပြည်ပသို့ ကဏ္ဍအလိုက် ဖြစ်နိုင်ချေရှိသည့် ပို့ကုန်အမယ်သစ်များ ထိုးဖောက်တင်ပို့နိုင်ရေး၊ နိုင်ငံတကာ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း သတ် မှတ်ချက်များအတိုင်း ကိုက်ညီစွာတင်ပို့နိုင်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက် နာပြီး ဥပဒေနှင့်အညီ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ကုန်သွယ်မှုကဏ္ဍသည် ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှလည်း ယခုဆွေးနွေးပွဲတွင် နိုင်ငံတကာ၏ အရည်အသွေးနှင့်စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီစွာတင်ပို့နိုင်ရေးအတွက် အသိပညာများကို ဆွေးနွေးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ရှိ စီးပွားရေးသံမှူးများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဌနှင့် ကိုယ်စားလှယ်လုပ်ငန်းရှင်များ စုစုပေါင်း ၆၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပို့ကုန်အမယ်သစ်များတင်ပို့ရေး၊ နိုင်ငံတကာ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ တင်ပို့နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News